top of page

Adam,Eve and Pandora box

သိပ်မကြာသေးသော အနာဂတ်ရာစုနှစ်တွင်ဖြစ်သည်။ အရာရာတိုးတက်ပြောင်းလဲသွားသောခေတ်ကာလတွင် လူတွေ ကားတွေဆိုင်ကယ်တွေမမောင်းတော့။ ကျန်းမာရေးအရ ဆိုက်ကားနင်းပြီး ရုံးတက်ကြသည်။ အစည်းအဝေးသွားသောအခါ သူဋေးက ဆိုက်ကားနင်းပြီး အလုပ်သမားက ဘေးကထိုင်လိုက်ရလေသည် ( ကောင်းလေစွ ) ။ မင်းလူ၏ ၀တ္ထုထဲကလို မျက်ရည်မှ စွမ်းအင်ထုတ်ယူနိုင်ကြလေပြီ။ ဆေးပညာဘက်တွင်လည်း ကွန်ပျုတာများက ဦးနှောက်ထဲတွင်ရှိသော ကလပ်စည်းအမှုန်ငယ်ကလေး တည်နေရာနှင့်ရွေ့လျားမှုကိုပင်တွက်ချက်နိုင်သည်။ နေရာကလည်း ကမ္ဘာတစ်ခုတည်းမဟုတ်တော့။ လူဦးရေဗုံးပေါက်ကွဲမှုအားကြီးသဖြင့် ဂြိုလ်အတုများတီထွင်ပြီး နိုင်ငံတစ်ခု ဂြိုလ်တစ်ခုနေကြသည်။

ဒီအချိန်တွင် သိပ္ပံပညာရှင်များက တိုးတက်မှုများအရပ်ရပ်ကြားက နောက်စက်တစ်မျိုးကို တီထွင်လိုက်ကြသည်။ အခုဒီစက်ကလူ့ဦးနှောက်ထဲမှ မဟုတ် အပြင်ဘက် လောကကြီးနဲ့စကြ၀ဋာထဲတွင်ရှိသော မည့်သည် ကလပ်စည်းမြူမှုံကိုမဆို ခြေရာခံပြီး တည်နေရာနှင့်ရွေ့ခြားမှုကို တွက်ချက်နိုင်လေသည်။ ဥပမာ ဘောလုံးတစ်လုံး၏ ကလပ်စ္စည်းတခု၏ တည်နေရာနဲ့ ရွေ့ခြားမှုကိုတွက်ချက်ပြီး ဒီဘောလုံး နောက်တစ်နာရီအကြာတွင် ဘယ်နေရာမှရှိမလဲဆိုတာ ပြောနိုင်သည်။ တနည်းဆိုရသော် အနာဂတ်ကိုတွက်ချက်သည့်စက်ဖြစ်လေသည်။ သိပ္ပံပညာရှင်များက ထိုစက်ကို ပန်ဒိုရာသေတ္တာ ဟုလျှို့ဝှတ်အမည်ပေးလိုက်ကြသည်။

တီထွင်ရုံနှင့်မပြီး။ စက်ကိုအရည်အသွေးစစ်ကြည့်ရန်ဖြစ်လာသည်။ သိပ္ပံပညာရှင်များကလည်း မစမ်းသပ်ရဲကြ။ နောက်ဆုံးတော့ စက်ကိုစမ်းသပ်ရန်မြန်မာဂြိုလ်ကိုရွေးလိုက်ကြသည်။ မြန်မာဂြိုလ်ကိုရွေးလိုက်ခြင်းက အကြောင်းရှိသည်။ မြန်မာဂြိုလ်က ဟိုးအရင် ရာစုနှစ်တွေတော်တော်များများကတည်းက အိမ်နီးခြင်းဂြိုလ်များမှ export ပစ္စည်းများကိုသုံးရင်း အစမ်းသပ်ခံဖြစ်မှန်းမသိဖြစ်နေခဲ့တာကြာနေပြီ။ မြန်မာဂြိုလ်တွင်က အခုလက်ရှိအုပ်ချုပ်နေသည်က မင်းတုန်းမင်းတရားကြီးဖြစ်သည်။အစစ်တော့မဟုတ်။ အရင်ရာစုနှစ်တော်တော်များများက ရှာတွေထားသော အရိုးနမူနာမှ ကလုံး လုပ်ထားခြင်းဖြစ်သည်။ ဒါကလည်းအကြောင်းရှိသည်။ မြန်မာဂြိုလ်ကို အခြားသောအိမ်နီးခြင်းဂြိုလ်များမှ လူmigrated မလုပ်ခံရအောင် မိဖုရားများများယူထားသော မင်းတရားကြီးကို စံပြအဖြစ်ထားခြင်းဖြစ်သည်။

စက်ကို စမ်းသပ်သုံးစွဲဖို့ကတော့မြန်မာလူမျိုးသိပ္ပံပညာရှင်လင်မယားကိုရွေးချယ်လိုက်ကြသည်။ စက်ကိုတော့လာမည့် မင်္ဂလာနှစ်ပတ်လည်အတွက် ကမ္ဘာ့သိပ္ပံပညာရှင်များအဖွဲ့မှ ဂုဏ်ပြုလက်ဆောင်အဖြစ် အသုံးပြုပုံအညွှန်း မပါပဲ ထည့်ပေးလိုက်ကြသည်။ ပါဆယ်စကင်နာနဲ့ဖတ်ရင်ဘာပါမယ်ဆိုတာသိရက်နဲ့ ကမ္ဘာ့သိပ္ပံပညာရှင်များအဖွဲ့မှ လက်ဆောင်ဆိုတော့ ကလေးများလို ပါဆယ်ထုတ်ကို သူဖွင့်မယ် ငါဖွင့်မယ်နှင့် စကားများကြသေးသည်။ ဖွင့်ပြီးတော့ ဘာစက်ကြီးမှန်းမသိသောအခါတော့ မင်းတရားကြီးမရှိခင်ရာစုနှစ်များတုန်းက စွမ်းအင်ထုတ်ရန်ဆိုပြီးတီထွင်ခဲ့သော ကြက်စူဆီစွမ်းအင်ထုတ်စက်လောက်ပင်သာရှိတော့သည်။

ကိစ္စမရှိ။ ဒါကြောင့်ပင် စက်ကိုမြန်မာပြည်ပို့ခြင်းဖြစ်သည်။ အချိန်တိုလေးအတွင်းမှာပင် ယောကျာ်းလုပ်သူက စက်ကိုဘယ်လိုသုံးရမလဲဆိုတာ သဘောက်ပေါက်သွားသည်။ဤတွင် ယောကျာ်းလုပ်သူ၏ ပထမဆုံးစက်ကိုအသုံးပြုပြီး လုပ်သည့်အတွက်အချက်မှာ နောက်အပတ် စနေ့နေ့တွင်ကန်မည့် အာစီယံဂြိုလ်ပေါင်းစုဘောလုံးပွဲမှ ဘောလုံး၏ ကလပ်စ္စည်းတည်နေရာတွက်ချက်ချင်းပင်ဖြစ်သည်။ တွက်ချက်ပုံအနေအထားအရ သူအားပေးသည့် မြန်မာဂြိုလ်အသင်းနိုင်ရဗိုလ်စွဲမည်ဟုပြောနိုင်သည်။ ကွတ်တိပဲ ဒါဆို။ သူနဲ့ဝါသနာတူတွေနဲ့ အောင်ပွဲခံဖို့ပြင်ဆင်ရမည်။ မြန်မာဂြိုလ်အသင်း ဗိုလ်စွဲ သည်ဆိုတာမျိုးကိုတော့ သူသမိုင်းစာအုပ်တွေမှာပဲဖတ်ဖူးသည်။

မိန်းမဖြစ်သူကလဲ ခေသူမဟုတ်။ သူယောကျာ်း အခုရက်ပိုင်းတစ်ခုခုထူးခြားနေသည်။ ပို့ထားသော စက်ကြီးကို မသကာင်္တော့။ ကြာကြာမစစ်လိုက်ရ။ သိပ္ပံပညာရှင်မဟုတ်လား။ နောက်မိန်းမလည်းဖြစ်လေသည်။ စက်ကိုအသုံးပြုတက်ချင်း စစ်လိုက်သည်က သူ့ယောကျာ်းဦးနှောက်မှ ကလပ်စ္စည်းများ၏တည်နေရာဖြစ်သည်။ နောက်အပတ် စနေနေ့မင်္ဂလာနှစ်ပတ်လည်နေ့တွင် ဘယ်လိုဖြစ်နေသည်ဆိုတာသိချင်လှသည်။ စက်မှပေးသောအဖြေထဲတွင် နှစ်ပတ်လည်နှင့်ပတ်သတ်တာဘာမှမပါ။ အဖြေတွေက လုံးနေသည်။ ဘောလုံး၊နှစ်လုံး၊ သုံးလုံး ဒါမျိုးတွေ။ သူမကခေသူမဟုတ်။ လူသိသူသိ အချက်အပြုတ်ကောင်း သိပ္ပံပညာရှင်အမျိုးသမီးဖြစ်သည်။ ပြိုင်ပွဲနေ့ ပွဲမစခင် မြန်မာဂြိုလ်ဘောလုံးအသင်းကြီးသို့ အထူးစပါယ်ရှယ်ချက်ထားသော ခေါက်ဆွဲဟင်းပို့လိုက်လေတော့သည်။ ထိုခေါက်ဆွဲမှာ သိပ္ပံနည်းကျပြုလုပ်ထားသော ခေါက်ဆွဲဖြစ်သောကြောင့် မြန်မာဂြိုလ်ဘောလုံးသမားများနှင့်နည်းပြများသည် ဘောလုံးကောင်းစွာမကစားနိုင်ပဲ ဗိုလ်လုပွဲရှုံးလေတော့သည်။

ဤတွင် ကမ္ဘာ့သိပ္ပံပညာရှင်များအဖွဲမှ တီထွင်လိုက်သော အနာဂတ်ကိုတွက်ချက်နိုင်သည့် ပန်ဒိုရာသေတ္တာသည်လည်း မြန်မာဂြိုလ်မှ ပစ္စည်းအဟောင်းများဝယ်ရာနေရာမှ နာနိုဒစ်ဂျစ်တယ် ချိန်ခွင်ပေါ်တွင် နိဋ္ဋိတံလေတော့သည်။

နောက်ဆက်တွဲကြားရသည်မှာ ကမ္ဘာ့သိပ္ပံပညာရှင်များအဖွဲ့သည် နောက်စက်တစ်လုံးကို ထပ်မံတီထွင်နေကြောင်း။ သို့သော် အနာဂတ်ကိုတွက်ချက်နိုင်သောစက်မဟုတ်။ မိန်းမများ၏ စိတ်ကိုတွက်ချက်နိုင်မည်ဟု ခန့်မှန်းရသော စက်ဖြစ်လေတော့သည်။( ကောင်းလေစွ )

Featured Posts
Recent Posts
Search By Tags
Follow Us
No tags yet.
  • Facebook Classic
  • Twitter Classic
  • Google Classic
bottom of page