top of page

Satellite navigation systems - 1

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် အမေရိကန် သမ္မတ ဘုရှ် က အိမ်ဖြူတော်တွင် GPS နှင့်ပက်သက်သော သဘောတူညီမှု တစ်ခု ကို အတည်ပြုခဲ့သည်။ ယခုလက်ရှိ တစ်ကမ္ဘာလုံး အသုံးပြုနေသော ကမ္ဘာ့နေရာပြစနစ် GPS (Global Position System) အား အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တစ်ခုတည်းသာ အသုံးပြုနိုင်သော channel ကို ချန်လှပ်ပြီး ကျန် တစ်ကမ္ဘာလုံး အသုံးပြုနေသည့် channel ကို ၎င်းတို့ အနေဖြင့် လုံးခြုံရေးအတွက် သံသယ ရှိသည်ဟု ယူဆချိန်တွင် အချိန်မရွေး ပိတ်ပစ်မည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထိုသဘောတူညီမှုကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်ခဲ့ကြရသည်။ အထူးသဖြင့် နိုင်ငံအသီးသီးရှိ ကာကွယ်ရေးလုပ်ငန်းများ၊ စူးစမ်းလေ့လာရေးလုပ်ငန်းများ၊ သမိုင်းပြုစုသည့်လုပ်ငန်းများ၊ ခရီးသွားလာမှု လုပ်ငန်းများနှင့် အခြားအခြားသော GPS ကို မရှိမဖြစ် အသုံးပြုနေရသော လုပ်ငန်းများအတွက် တာဝန်ရှိသူများက ပိုမိုစိုးရိမ်ခဲ့ကြသည်။ အဓိကအားဖြင့် နိုင်ငံတိုင်းအတွက် အရေးကြီးသည့် ကာကွယ်ရေးလုပ်ငန်းများ နှောင့်နှေးသွားခြင်း၊ နေရာရှာဖွေမှု အခက်အခဲများ ကြုံတွေ့ကာ ကြန့်ကြာစေခြင်းနှင့် မလိုအပ်ပဲ အချိန်၊ ခွန်အား၊ ငွေနှင့် လူအရင်းအမြစ်များ ကုန်ဆုံးခြင်းများ ဖြစ်လာပေမည်။

ဤအခြေအနေကို ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများကလည်း ကြိုတင်မျှော်တွေးပြီးသား ဖြစ်သည်။ မူလကတည်းက အာကာသစနစ်များတွင် ထိပ်ဆုံးရောက်နေသော ရုရှားဖက်ဒရေးရှင်း နိုင်ငံသည် GPS နှင့် အပြိုင် Glonass (Global Navigation satellite system) ကို တည်ထောင်ခဲ့ပြီးဖြစ်သည်။ ဥရောပသမဂ္ဂ ကလည်း သမဂ္ဂဝင်နိုင်ငံများ စုပေါင်း၍ Galileo ၊ အိန္ဒိယနိုင်ငံက IRNNS ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Beidou နှင့် ဂျပန်နိုင်ငံ မှ QZSS စသည့် နိုင်ငံများအလိုက် ဂြိုဟ်တုစနစ်တို့ကို စီမံကိန်းများ ချမှတ်၍ အကောင်အထည် ဖေါ်ခဲ့ကြသည်။ သို့သော် လောလောဆယ်မှာ NAVSTAR မှ GPS နှင့် GLONASS နှစ်ခု သာ အသုံးပြုနိုင်သေးကာ ကျန် စနစ်များမှာ အသုံးပြုနိုင်ရန် အချိန်အတော်ကြာအောင် စောင့်ရပေဦးမည်။

GLONASS စနှစ်မှာလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကန့်သက်ချက် များသောကြောင့် GPS ကိုသာ အားကိုးအားထား ပြုနေကြရသည်။ ယနေ့ကမ္ဘာတွင် ဂြိုဟ်တုစနစ်ပေါင်းများစွာ ရှိသည့်အနက် GPS ဂြိုဟ်တုစနစ်တစ်ခုတည်းသာ ဤသို့ပြဿနာ ကြုံရခြင်းဖြစ်သည်။ အခြားသော မိုးလေဝသဂြိုဟ်တု (weather satellite)၊ ဆက်သွယ်ရေးဂြိုဟ်တု (telstar communication satellite)၊ အာကာသ စူးစမ်းရှာဖွေရေးဂြိုဟ်တု (discovery satellite) စသည့် ဂြိုဟ်တု စနစ်များနှင့် ကမ္ဘာ့နေရာပြစနစ် (GPS) တွင် သုံးသော ဂြိုဟ်တုများက မည်သို့ကွာခြားသောကြောင့်နည်း? GPS စနစ်တစ်ခုတည်းကို NASA (National Aeronautics and Space Administration) မှ မကိုင်ပဲ Pentagon နှင့် အမေရိကန်သမ္မတက အဘယ်ကြောင့် ချုပ်ကိုင်ရသနည်း? GPS စနစ်က မည်မျှ အရေးပါသောကြောင့်နည်း? ယခုနှစ်ပိုင်းတွင်း အဘယ်ကြောင့် ရေပန်းစားလာရသနည်း? မည်သည့်ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့သနည်း? ယဉ်တိုင်း၊ နောက်ဆုံးပေါ် အီလက်ထရောနစ် ပစ္စည်းတိုင်းတွင် အဘယ်ကြောင့်နေရာယူလာရသနည်း? အခြားနိုင်ငံများမှ GPS ကိုပြိုင်ဆိုင်မည့် ဂြိုဟ်တုစနစ်များမှာ အဘယ်နည်း? စသည့် မေးခွန်းပေါင်းများစွာ ရှိလာပေသည်။

မှန်သည်။ GPS စနစ်သည် ယနေ့ တိုးတက်လာသော ကမ္ဘာတွက် အရေးအပါဆုံး ဂြိုဟ်တုစနစ်ဖြစ်သည်။ နေရာတိုင်း အခန်းတိုင်းတွင် အသုံးဝင်သည်။ ကောင်းပြီ GPS ဂြိုဟ်တုစနစ်များအကြောင်း လေ့လာကြပါစို့။

NAVSTAR GPS

NAVSTAR GPS ဆိုသည်မှာ NAVigation Satellites providing Time And Range & Global Positioning System ( ဂြိုဟ်တုများ ပဲ့ထိန်းမောင်းနှင်သွားလာရန် အတွက် အချိန်နှင့် အကွာအဝေး စီစဉ်ချမှတ်ပေးခြင်းစနှစ် နှင့် ကမ္ဘာ့နေရာပြစနစ် ) ဖြစ်သည်။ Positioning service နှစ်ခုရှိပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းသာ အသုံးပြုနိုင်သော Precise Positioning Service/PPS နှင့် တစ်ကမ္ဘာလုံး အသုံးပြုနိုင်သည့် Standard Positioning Service/SPS ဟူ၍ဖြစ်သည်။ Precise Positioning Service မှာ တိကျသေချာမှု ၉၅% ရှိပြီး ပြင်ပရှိတည်နေရာအမှန်နှင့် GPS မှ ဖော်ပြသော တည်နေရာ၏ အမြင့်ဆုံးကွာဟမှုမှာ ရေပြင်ညီ (horizontal) ၁၆ မီတာနှင့် ဒေါင်လိုက် (vertical) ၂၃ မီတာ ဖြစ်သည်။ Standard Positioning Service မှာ ရေပြင်ညီ (horizontal) ၁၀၀ မီတာနှင့် (vertical) ၁၅၆ မီတာ ဖြစ်သည်။

GPS ဂြိုဟ်တု ၂၄ လုံးနှင့် ပတ်လမ်း ၆ ခု

GPS ဂြိုဟ်တု ၂၄ လုံးနှင့် ပတ်လမ်း ၆ ခု

NAVSTAR GPS စနစ် ပေါ်ပေါက်လာပုံမှာ - ၁၉၆၀ အစောပိုင်းတွင် ပင်တဂွန် Pentagon စစ်ဌာနချုပ် (အမေရိကန် ကာကွန်ရေးဝန်ကြီး ဌာနချုပ် ) မှ အစီစဉ်ရေးဆွဲခဲ့သော အမေရိကန် ရေတပ် (US Navy) ၏ US Navy's TIMATION Program နှင့် အမေရိကန် လေတပ် (US Air Force) ၏ 621B Project တို့နှစ်ခု မှ စတင်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် GPS စနစ်ဟု ပြောင်းလဲခဲ့ပြီး အမေရိကန် တပ်မတော်တစ်ခုသာ အသုံးပြုနိုင်သည့် Channel ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ပထမဆုံးဂြိုဟ်တုကို ၁၉၇၄ ခုနှစ် ဂျူလိုင် ( ၁၄ ) ရက်နေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ဂြိုဟ်တု အရေအတွက်ကိုလည်း စတင် တည်ထောင်ချိန်က ၄ လုံး သာ သုံးခဲ့ရာမှ တဖြည်းဖြည်း အရေအတွက် တိုးမြှင့်နိုင်ခဲ့သည်။ ထို့နောက် နေတိုးအဖွဲ့ (NATO) ခေါ် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ဝင်နိုင်ငံများ (North Atlantic Treaty Organization)နှင့် အခြား မဟာမိတ်နိုင်ငံအချို့ကို အသုံးပြုခွင့်ပေးခဲ့သည်။ ၁၉၉၀ နှစ်လည်ပိုင်းတွင် တွင် ဂြိုဟ်တု ၂၄ လုံး စလုံး လွှတ်တင်ပြီးစီးပြီး နောက်ဆုံး ရလဒ်ကို ၁၉၉၅ အေပရယ် ( ၂၇ ) ရက်နေ့ တွင် တစ်ကမ္ဘာလုံး စတင်အသုံးပြုနိုင်ခဲ့သည်။ ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလတွင် အရန်နှင့် ကွပ်ကဲမှုအတွက် ဂြိုဟ်တု ( ၆ ) လုံးအပါအဝင် စုစုပေါင်း ဂြိုဟ်တု အလုံး ( ၃၀ ) လွှတ်တင်ပြီးဖြစ်သည်။

အလုပ်လုပ်ဆောင်ပုံမှာ - NAVSTAR GPS စနစ်တွင် ဂြိုဟ်တု ( ၂၄ ) လုံး အသုံးပြုပြီး ပက်လမ်း ( ၆ ) ခု သက်မှတ်ကာ ပက်လမ်းတစ်ခုတွင် ဂြိုဟ်တု ( ၄ ) လုံး ကို အကွာအဝေးညီစွာဖြင့် ကမ္ဘာကို လှည့်ပက်စေသည်။ အီကွေတာ မှ ၅၅ ဒီဂရီ တိမ်းစောင်းလှည့်ပက်စေကာ ကမ္ဘာကို တစ်ပက်ပြည့်ရန် ၁၁ နာရီ ၅၈ မိနစ် ကြာမြင့်သည်။ ဂြိဟ်တု တစ်လုံးစီ၏ ကမ္ဘာမှ အကွာအဝေးမှာ ၂၀၂၀၀ ကီလိုမီတာ ( ၁၀၉၀၀ မိုင် ) ဖြစ်သည်။ ပက်လမ်း၏ အချင်းဝတ်မှာ ၂၆၆၀၀ ကီလိုမီတာ (၁၆၅၀ မိုင် ) ဖြစ်ည်။ (ကမ္ဘာ၏ အချင်းဝတ် = ၆၃၇၈.၁ ကီလိုမီတာ၊ ၃၉၆၁.၃ မိုင် ) တည်နေရာရှာဖွေမှုအတွက် ဒဗလူဂျီအက်စ် ၈၄ စနစ် (WGS 84 system) ကို အသုံးပြုသည်။ မြေပြင်ရှိ အဓိက ထိန်းချုပ်ရေးစခန်း (Master Control Station) ကို ကော်လိုရာဒို (Colorado Springs) တွင် ထားရှိပြီး စခန်းငယ်များကို ကော်လိုရာဒို (Colorado Springs)၊ ဟာဝိုင်အီကျွန်း (Hawii)၊ အတ္တလန်တိတ် သမုဒ္ဒရာတွင်းတွင် Ascension၊ အိန္ဒိယ သမုဒ္ဒရာတွင်းတွင် Dieo Garcia နှင့် ပစိဖိတ် သမုဒ္ဒရာတွင်းတွင် Kwajalein ဟူ၍ ထားရှိသည်။ ဂြိုဟ်တုများထံသို့ ပြန်လည် ထိန်းချုပ်မှု ပြုလုပ်ရန်အတွက် မြေပြင် အန်တင်နာများကိုလည်း Ascension၊ Dieo Garcia နှင့် Kwajalein တို့တွင် တည်ဆောက်ထားသည်။

မြေပြင်စခန်းတည်ရှိရာ နေရာများ

တည်နေရာရှာဖွေမှု - တည်နေရာကို ရှာဖွေသက်မှတ် ပုံမှာ ပထမဆုံး ကမ္ဘာပေါ်ရှိ GPS receiver တစ်ခုဆီ သို့ Signal ရရှိသော ဂြိုဟ်တုများမှ အကွာအဝေးများကို တိုင်းတာသက်မှတ်မည်။ ထို့နောက် ရရှိသော အကွာအဝေး ကီလိုမီတာအတိုင်း အချင်းဝတ်ယူကာ စက်ဝိုင်းများကို ဝိုင်းစေပါမည်။ အကယ်၍ ဂြိုဟ်တု ၅ လုံးမှ Signal ရရှိနိုင်လျှင် စက်ဝိုင်းငါးခု ပေါ်ပေါက်လာမည်ဖြစ်ပြီး ၎င်းစက်ဝိုင်း ( ၅ ) ခု၏ ဆုံမှတ်သည် သိချင်သော receiver ၏ ယခု ရှိနေသော တည်နေရာပင်ဖြစ်သည်။ (ကျွန်တော်ကတော့ အကြမ်းဖျင်းလောက်သာနားလည်သည်။ အသေးစိတ်သိလိုလျှင် အောက်ပါ website များကိုသွား၍လေ့လာနိုင်သည်။

GPS ဂြိုဟ်တု လမ်းကြောင်းများ

GPS ဂြိုဟ်တုအား သယ်ဆောင်သော ဒုံးပျံယဉ်

GPS signal သံသရာ

GPS ဂြိုဟ်တုများသည် L1 နှင့် L2 ဟူသော် signal နှစ်ခု ကို သယ်ဆောင်ထုတ်လွှတ်ပြီး ၎င်း signal ကို A\C binary code နှင့် P code တို့ဖြင့် data message အဖြစ် GPS receiver မှ ပြောင်းလဲရသည်။ NAVSTAR စနစ်တွင် incoming signals ဖမ်းယူမှုအတွက် Code division multiple access (CDMA) စနစ်ကို အသုံးပြုသည်။

GLONASS

GLONASS (Global'naya Navigatsionnaya Sputnikovaya Sistema) ဆိုသည်မှာ GLObal NAvigation Satellite System ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ အစိုးရ တပ်မတော်အတွက် အသုံးပြုရန် တည်ဆောက်ထားသော စနစ်ဖြစ်သည်။ GPS စနစ်ကဲ့သို့ပင် တည်နေရာရှာဖွေ သောစနစ်ဖြစ်သည်။ သို့သော် တစ်ကမ္ဘာလုံး အသုံးမပြုနိုင်အောင် ကန့်သက်ထားသည်။

GLONASS စနစ်ကို ၁၉၇၆ ခု နှစ်တွင် စတင်စမ်းသပ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အောင်မြင်ပြီးစီးခဲ့သည်။ သို့သော် ထိုနှစ်များအတွင်း ရုရှားနိုင်ငံ၏စီးပွားရေး အကြီးအကျယ် ကျဆင်းနေသောကြောင့် စမ်းသပ်မှုကို ရပ်တန့်ခဲ့ရသည်။ ကာလကြာရှည်စွာ ပစ်ထားသောကြောင့် ဂြိုဟ်တုစနစ်များ ယိုယွင်းပျက်စီးခဲ့ရပြီး ၂၀၀၁ ခုနှစ်တွင် အာကာသ၌ ဂြိုဟ်တု ( ၈ ) လုံးသာ ကျန်တော့သည်။ ထိုနှစ်မှာပင် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ GLONASS ကို ပြန်လည် အသက်သွင်းခဲ့သည်။

ဤစနစ်တွင် ဂြိုဟ်တု ၂၁ လုံးကို အသုံးပြုထားပြီး ပက်လမ်း ၃ ခုသာ ထားရှိကာ ပက်လမ်းတစ်ခုလျှင် ဂြိုဟ်တု ( ၇ )လုံးစီ လှည့်ပက်စေပါသည်။ GLONASS ဂြိုဟ်တု တစ်လုံးစီသည် ကမ္ဘာမှ ၁၉၁၀၀ ကီလိုမီတာ ( ၁၁၈၆၈ မိုင် ) ကွာဝေးသည်။ ဂြိုဟ်တု တစ်လုံးလျှင် ကမ္ဘာကို တစ်ပက်ပြည့်ရန် ၁၁ နာရီ ၁၅ မိနစ်ကြာမြင့်သည်။ ပက်လမ်းများကို အီကွေတာ မှ ၆၅ ဒီဂရီ တိမ်းစောင်းလျှက် ထားရှိသည်။ ဂြိုဟ်တု တစ်လုံးစီ၏ အလေးချိန်မှာ ၁၃၀၀ ကီလိုဂရမ် ခန့်လေးပြီး အရွယ်အစားမှာ အချင်းဝတ် ၁.၁၇၅ မီတာရှိသည်။ GLONASS ဂြိုဟ်တုများသည် signal နှစ်မျိုးကို သယ်ဆောင်ပြီး တစ်မျိုးမှာ Standard Precision (SP) signal ဖြစ်ပြီး နောက်တစ်မျိုးမှာ High Precision (HP) signal ဖြစ်သည်။ ကမ္ဘာမြေမှ ဖမ်းယူမှုအတွက် NAVSTAR ကဲ့သို့ CDMA လိုင်းကို အသုံးမပြုပဲ Frequency Division Multiple Access (FDMA) နည်းပညာကို အသုံးပြုသည်။ တည်နေရာရှာဖွေပုံမှာ NAVSTAR GPS စနစ်နှင့် အတူတူဖြစ်သည်။

ပတ်လမ်း ၃ ခုနှင့် GLONASS ဂြိုဟ်တုများ

GLONASS ဂြိုဟ်တုအား သယ်ဆောင်သည့် ဒုံးပျံယဉ်

ဆက်ရန် (To be continued)


Featured Posts
Recent Posts
Search By Tags
Follow Us
No tags yet.
  • Facebook Classic
  • Twitter Classic
  • Google Classic
bottom of page